← 2Corinthians (2/13) → |
1. | ထိုမှတပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။ |
2. | အကြောင်းမှုကား၊ ငါသည်သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ဝမ်းနည်းစေသောသူကိုမှတပါး အဘယ်သူ သည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။ |
3. | ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှါ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။ |
4. | အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး၏။ |
5. | တစုံတယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို။ |
6. | အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ၏ အပြစ်နှင့် တန်ပြီ။ |
7. | သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့်၏။ |
8. | ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။ |
9. | ထိုမှတပါး၊ သင်သည်အရာရာ၌ နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။ |
10. | အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏၊၊ အကြောင်းမူ ကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏ အခွင့်နှင့် လွှတ်ဘူး၏။ |
11. | သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။ |
12. | ထိုမှတပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရား သည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊ |
13. | ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။ |
14. | ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။ |
15. | အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဆုံးရှုံးသောသူတို့၌၎င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။ |
16. | ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာ တို့နှင့် အဘယ်သူထိုက်တန်သနည်း။ |
17. | ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။ |
← 2Corinthians (2/13) → |