← 1Timothy (3/6) → |
1. | သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ်၏။ |
2. | ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။ |
3. | စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။ |
4. | မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ |
5. | မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။ |
6. | မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။ |
7. | ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။ |
8. | ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ။ |
9. | ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။ |
10. | သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ |
11. | ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူဖြစ်ရကြမည်။ |
12. | သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။ |
13. | အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။ |
14. | သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်ထောင်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။ |
15. | ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။ |
16. | မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။ |
← 1Timothy (3/6) → |