← 1Timothy (2/6) → |
1. | ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ |
2. | ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။ |
3. | အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ်၏။ |
4. | လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။ |
5. | ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။ |
6. | ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။ |
7. | ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကိုမဆို၊ မှန်သောစကားကိုဆို၏။ |
8. | သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။ |
9. | ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ |
10. | ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။ |
11. | မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။ |
12. | မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ် ဆိတ်စွာ နေအပ်၏။ |
13. | အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။ |
14. | ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။ |
15. | သို့သော်လည်း၊ ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်၊ သားဘွားဖြင်းအမှု၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ |
← 1Timothy (2/6) → |