← 1Thessalonians (2/5) → |
1. | ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။ |
2. | သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံပြီးမှ၊ ဘုရား သခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။ |
3. | ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။ |
4. | ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။ |
5. | အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။ |
6. | ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊ |
7. | သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊ |
8. | ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။ |
9. | ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။ |
10. | မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ |
11. | အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ |
12. | ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။ |
13. | ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ၏။ |
14. | အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူ တို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။ |
15. | ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော် သို့မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။ |
16. | တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှါ ငါတို့သည် ဟောပြောကြသည်ကို သူတို့ သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။ |
17. | ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိ သော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှါ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။ |
18. | ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။ |
19. | ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။ |
20. | သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း။ |
← 1Thessalonians (2/5) → |