← 1Corinthians (2/16) → |
1. | ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။ |
2. | အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ် ပြဋ္ဌာန်းခြင်းရှိ၏။ |
3. | သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။ |
4. | သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ |
5. | ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ၏။ |
6. | သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက် တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။ |
7. | ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည်ပြသကြ၏။ |
8. | ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ။ |
9. | ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ |
10. | ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။ |
11. | လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ။ |
12. | ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။ |
13. | ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။ |
14. | ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။ |
15. | ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍ မသိနိုင်။ |
16. | ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ် သူသည် ထာဝရဘုရား၏ စိတ်တော်ကို သိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။ |
← 1Corinthians (2/16) → |