← 1Chronicles (19/29) → |
1. | ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
2. | ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြု မည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။ |
3. | အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊ |
4. | ဟာနုန်သည် ဒါဝိဒ်၏ ကျွန်တို့ကို ယူပြီးလျှင်၊ မုဆိတ်ကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။ |
5. | ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။ |
6. | ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊ |
7. | မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။ |
8. | ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။ |
9. | အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ |
10. | ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။ |
11. | ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊ |
12. | ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။ |
13. | ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊ |
14. | သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ |
15. | ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။ |
16. | ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။ |
17. | ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊ |
18. | ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။ |
19. | ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။ |
← 1Chronicles (19/29) → |