← 1Chronicles (15/29) → |
1. | ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊ |
2. | ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊ |
3. | ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊ |
4. | အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊ |
5. | ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊ |
6. | မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊ |
7. | ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊ |
8. | ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ |
9. | ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊ |
10. | ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။ |
11. | ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊ |
12. | သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။ |
13. | အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။ |
14. | ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။ |
15. | ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။ |
16. | လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊ |
17. | ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊ |
18. | မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။ |
19. | သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။ |
20. | ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။ |
21. | မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။ |
22. | လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။ |
23. | ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။ |
24. | ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။ |
25. | ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။ |
26. | ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။ |
27. | ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။ |
28. | ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။ |
29. | ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။ |
← 1Chronicles (15/29) → |