← Zechariah (11/14) → |
1. | အို လေဗနုန်တောင်၊ သင်၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။ |
2. | အိုထင်းရူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့။ |
3. | သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ် ၏ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ၏။ |
4. | ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့။ |
5. | ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။ |
6. | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။ |
7. | ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။ |
8. | သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။ |
9. | နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊ |
10. | ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။ |
11. | ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။ |
12. | တဖန် ငါက၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။ |
13. | ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။ |
14. | ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး၏။ |
15. | တဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။ |
16. | အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။ |
17. | သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း။ သူ၏လက်ရုံးနှင့်လက်ျာမျက်စိ၌ ထားဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။ |
← Zechariah (11/14) → |