← Ruth (3/4) → |
1. | တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။ |
2. | သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။ |
3. | သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။ |
4. | သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊ |
5. | ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊ |
6. | ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။ |
7. | ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။ |
8. | သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊ |
9. | သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊ |
10. | သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။ |
11. | မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။ |
12. | ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။ |
13. | ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။ |
14. | ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။ |
15. | တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။ |
16. | ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊ |
17. | သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။ |
18. | ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။ |
← Ruth (3/4) → |