← Romans (8/16) → |
1. | ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။ |
2. | ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။ |
3. | ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။ |
4. | အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။ |
5. | ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ |
6. | ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။ |
7. | အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရးသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။ |
8. | ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။ |
9. | သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။ |
10. | ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။ |
11. | ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။ |
12. | သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန် ဖြစ်ကြသည်မဟုတ်။ |
13. | သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ |
14. | ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ |
15. | အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။ |
16. | ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။ |
17. | သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။ |
18. | ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ |
19. | ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။ |
20. | ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။ |
21. | ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။ |
22. | ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။ |
23. | ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။ |
24. | ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။ |
25. | ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။ |
26. | ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ |
27. | စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီစောင့်မ တော်မူ၏။ |
28. | ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ |
29. | ဘုရားသခင်၏သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။ |
30. | ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။ |
31. | သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။ |
32. | မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။ |
33. | ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။ |
34. | အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌နေလျက်၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။ |
35. | ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။ |
36. | အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။ |
37. | မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။ |
38. | အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ |
39. | အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။ |
← Romans (8/16) → |