← Romans (4/16) → |
1. | ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိ ပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။ |
2. | အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ |
3. | ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ |
4. | အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။ |
5. | အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။ |
6. | ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊ |
7. | အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ |
8. | ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ |
9. | အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။ |
10. | ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။ |
11. | အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊ |
12. | ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ |
13. | ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။ |
14. | အကြောင်းမူကား၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်း တရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီးဖြစ်၏။ |
15. | ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။ |
16. | ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။ |
17. | ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊ ထိုအာဗြဟံ သည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။ |
18. | သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများ တို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။ |
19. | ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည်အသေ ကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း မအောက်မေ့၊ |
20. | ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊ |
21. | ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။ |
22. | ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ |
23. | ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။ |
24. | ငါတို့အကျိုးအလိုငှါရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။ |
25. | ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။ |
← Romans (4/16) → |