← Romans (3/16) → |
1. | ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။ |
2. | အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။ |
3. | သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။ |
4. | မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။ |
5. | ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။ |
6. | ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။ |
7. | ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊ |
8. | ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။ |
9. | ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။ |
10. | ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ |
11. | နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။ |
12. | လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။ |
13. | သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။ |
14. | သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။ |
15. | သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ |
16. | သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။ |
17. | ချမ်းသာလမ်းကိုသူတို့မသိကြ။ |
18. | ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။ |
19. | ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။ |
20. | ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။ |
21. | ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊ |
22. | ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။ |
23. | အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ |
24. | ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ |
25. | ဘုရားသခင်သည် သည်းခံတော်မူ၍၊ |
26. | လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။ |
27. | သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။ |
28. | ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။ |
29. | ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။ |
30. | အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။ |
31. | သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။ |
← Romans (3/16) → |