← Romans (2/16) → |
1. | သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။ |
2. | ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။ |
3. | ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။ |
4. | ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။ |
5. | ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။ |
6. | ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊ |
7. | ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊ |
8. | ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊ |
9. | ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊ |
10. | ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။ |
11. | ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။ |
12. | ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။ |
13. | အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။ |
14. | သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊ |
15. | ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။ |
16. | ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။ |
17. | သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊ |
18. | အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့်၊ |
19. | လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊ |
20. | လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊ |
21. | သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ |
22. | သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။ |
23. | ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော။ |
24. | အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။ |
25. | သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။ |
26. | ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။ |
27. | အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။ |
28. | အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ်။ |
29. | အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။ |
← Romans (2/16) → |