← Romans (11/16) → |
1. | သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။ |
2. | ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊ |
3. | သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော။ |
4. | ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။ |
5. | ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။ |
6. | ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။ |
7. | သို့ဖြစ်လျှင်အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။ |
8. | ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။ |
9. | ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။ |
10. | သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။ |
11. | သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့၌ သက်ရောက် လေ၏။ |
12. | သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။ |
13. | ထိုသို့ဆိုသော်၊ |
14. | ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။ |
15. | ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ |
16. | အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။ |
17. | အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။ |
18. | ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။ |
19. | ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။ |
20. | မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။ |
21. | အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြော တော်မူမည်လော။ |
22. | သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။ |
23. | သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ |
24. | အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။ |
25. | ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။ |
26. | ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊ |
27. | သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။ |
28. | သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။ |
29. | အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊ |
30. | သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့၊ |
31. | ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။ |
32. | ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။ |
33. | ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။ |
34. | ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။ |
35. | ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။ |
36. | ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ |
← Romans (11/16) → |