← Psalms (95/150) → |
1. | လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။ |
2. | ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။ |
3. | ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သော ဘုရင်ဖြစ်တော်မူ၏။ |
4. | မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော် ၌ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။ |
5. | ပင်လယ်ကိုလည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။ |
6. | လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ |
7. | ထာဝရဘုရားသည် ငါတို့၏ ဘုရားဖြစ်တော် မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသော သိုးစုဖြစ်ကြ၏။ |
8. | ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ |
9. | သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ |
10. | ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် စိတ် သဘော မှားယွင်းတတ်သော လူမျိုးဖြစ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။ |
11. | ထိုကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။ |
← Psalms (95/150) → |