← Psalms (92/150) → |
1. | ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ |
2. | အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း၊ |
3. | စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။ |
4. | အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။ |
5. | အို ထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန် နက်လှပါ၏။ |
6. | တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊ |
7. | မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။ |
8. | ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူ သော ထာဝရဘုရား ဖြစ်တော်မူ၏။ |
9. | အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။ |
10. | အကျွန်ုပ်၏ ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။ |
11. | အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ်မျက်စိ မြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။ |
12. | ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။ |
13. | ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ |
14. | အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။ |
15. | ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရ ဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသော အမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။ |
← Psalms (92/150) → |