← Psalms (90/150) → |
1. | အို ဘုရားရှင်၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။ |
2. | တောင်များကို မဘော်၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ၏။ |
3. | လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်း လူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။ |
4. | ရှေ့တော်၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့၎င်း၊ ညဉ့်ယံတယံကဲ့သို့၎င်း ဖြစ်ပါ၏။ |
5. | လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်း ကဲ့သို့ဖြစ်ကြပါ၏။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။ |
6. | နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏။ ညဦးအချိန်၌ကား၊ ရိတ်၍ညှိုးနွမ်းပါ၏။ |
7. | အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသော ကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ၏။ |
8. | အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ၌၎င်း၊ လှန်ထားတော်မူ၏။ |
9. | အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။ |
10. | အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန်လွန် ၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ |
11. | အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။ |
12. | အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ။ |
13. | အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ် မျှလောက်ကြာရပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ။ |
14. | အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။ |
15. | အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ။ |
16. | အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေ သော။ |
17. | အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေ သော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း၊ အကျွန်ုပ်တို့ အဘို့ မြဲမြံစေတော်မူပါ။ |
← Psalms (90/150) → |