← Psalms (89/150) → |
1. | အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။ |
2. | ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။ |
3. | ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။ |
4. | သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။ |
5. | အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။ |
6. | အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ |
7. | ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။ |
8. | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။ |
9. | သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ၏။ |
10. | ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။ |
11. | ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ။ |
12. | မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။ |
13. | တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။ |
14. | တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။ |
15. | အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။ |
16. | သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။ |
17. | ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။ |
18. | ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ |
19. | တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ။ |
20. | ငါ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ။ |
21. | သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ |
22. | ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသော သူသည် မညှဉ်းဆဲရ။ |
23. | သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။ |
24. | ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ |
25. | သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။ |
26. | သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။ |
27. | အကယ်စင်စစ်သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။ |
28. | ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။ |
29. | သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။ |
30. | သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊ |
31. | ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ် တို့ကို မစောင့်ဘဲနေလျှင်၊ |
32. | ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။ |
33. | သို့သော်လည်း၊ ငါ၏ကရုဏာကိုသူမှ ငါမနှုတ် မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။ |
34. | ငါ၏ပဋိညာဉ် တရားကိုလည်း မရှုတ်ချ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ။ |
35. | ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။ |
36. | သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။ |
37. | လကဲ့သို့၎င်း၊ မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ။ |
38. | သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ။ |
39. | ကိုယ်တော်၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။ |
40. | သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။ |
41. | လမ်း၌ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။ |
42. | သူ၏ရန်သူတို့ လက်ျာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ၏။ |
43. | သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။ |
44. | သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ။ |
45. | သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော် မူပြီ။ |
46. | အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။ |
47. | အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။ |
48. | သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။ |
49. | အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။ |
50. | အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။ |
51. | အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။ |
52. | ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။ |
← Psalms (89/150) → |