← Psalms (80/150) → |
1. | သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နား ထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ |
2. | ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ။ |
3. | အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည်။ |
4. | ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။ |
5. | သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။ |
6. | အနီးအပါး၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။ |
7. | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။ |
8. | ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ၏။ |
9. | သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။ |
10. | သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။ |
11. | သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း ပြန့်ပွား စေပါ၏။ |
12. | ယခုမူကား၊ လမ်း၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း။ |
13. | တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍၊ တော သားရဲသည်လည်း စားပါ၏။ |
14. | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်း ကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ။ |
15. | လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။ |
16. | မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ၏။ |
17. | လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။ |
18. | သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။ |
19. | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ |
← Psalms (80/150) → |