← Psalms (71/150) → |
1. | အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ |
2. | တရားတော်နှင့်အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့ လှည့်၍ ကယ်တင်တော်မူပါ။ |
3. | အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏။ |
4. | အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသော သူ၏လက်မှ၎င်း၊ မတရားသောသူနှင့် ကြမ်းတမ်းသော သူ၏လက် မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ |
5. | အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။ |
6. | အကျွန်ုပ်သည် ဘွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ |
7. | အကျွန်ုပ်သည် များစွာသော သူတို့၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။ |
8. | ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။ |
9. | အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ |
10. | ရန်သူတို့သည် အကျွန်ုပ်တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သော သူတို့က၊ |
11. | ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ ကယ်လွှတ်သော သူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။ |
12. | အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ။ |
13. | အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြ ပါစေသော။ |
14. | အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။ |
15. | ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ |
16. | အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ |
17. | အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ |
18. | တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အကျွန်ုပ်မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ |
19. | အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ |
20. | ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည်။ |
21. | အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။ |
22. | သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။ |
23. | ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။ |
24. | အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။ |
← Psalms (71/150) → |