← Psalms (69/150) → |
1. | အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။ |
2. | ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။ |
3. | အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ။ |
4. | အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။ |
5. | အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။ |
6. | ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။ |
7. | ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ |
8. | ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဘော်တို့တွင်၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။ |
9. | ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။ |
10. | အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ |
11. | လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။ |
12. | ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏။ |
13. | အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ |
14. | အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော။ |
15. | ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ |
16. | အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ။ |
17. | ကိုယ်တော်၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင် တော်မူပါ။ |
18. | အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။ |
19. | အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။ |
20. | ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။ |
21. | အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။ |
22. | သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံထိုက်သောအပြစ်သော်၎င်း၊ ထောင်ချောက်သော် ၎င်း ဖြစ်ပါစေ။ |
23. | သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။ |
24. | သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ။ |
25. | သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။ |
26. | အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။ |
27. | သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။ |
28. | အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့်။ |
29. | အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။ |
30. | ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကို ပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ |
31. | ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွါနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။ |
32. | နှိမ့်ချသော သူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည်။ |
33. | ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ |
34. | ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။ |
35. | ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့်၊ ထိုသူတို့တို့သည် နေ၍ ပိုင်ရကြလိမ့်မည်။ |
36. | ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည် နေရာ ကျရကြလိမ့်မည်။ |
← Psalms (69/150) → |