← Psalms (68/150) → |
1. | ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။ |
2. | မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။ |
3. | ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။ |
4. | ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။ |
5. | ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ |
6. | ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။ |
7. | အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊ |
8. | ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။ |
9. | အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။ |
10. | ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ |
11. | ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။ |
12. | စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။ |
13. | သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။ |
14. | အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။ |
15. | ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊ |
16. | သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ |
17. | ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။ |
18. | ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။ |
19. | ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။ |
20. | ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။ |
21. | ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။ |
22. | သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။ |
23. | ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
24. | အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။ |
25. | ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။ |
26. | ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။ |
27. | အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။ |
28. | အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။ |
29. | ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။ |
30. | ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။ |
31. | အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။ |
32. | မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။ |
33. | အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။ |
34. | ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။ |
35. | အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ |
← Psalms (68/150) → |