← Psalms (66/150) → |
1. | မြေကြီးသားအပေါင်းတို့၊ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသော အသံကို ပြု၍၊ |
2. | နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့။ |
3. | ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။ |
4. | မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။ |
5. | ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင်စီရင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြ၏။ |
6. | ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။ |
7. | တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည် ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။ |
8. | အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။ |
9. | ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်းစောင့်မတော်မူ၏။ |
10. | အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။ |
11. | ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ။ |
12. | အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း၊ ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။ |
13. | မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။ |
14. | ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။ |
15. | ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။ |
16. | ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။ |
17. | ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။ |
18. | ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ |
19. | ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ။ |
20. | ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။ |
← Psalms (66/150) → |