← Psalms (62/150) → |
1. | အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။ |
2. | အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။ |
3. | သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။ |
4. | ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းကြီးကို ပေးလျက်၊ နှစ်လုံး၌ကြား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။ |
5. | အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။ |
6. | အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။ |
7. | ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။ |
8. | အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။ |
9. | အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။ |
10. | ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။ |
11. | ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။ |
12. | အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။ |
← Psalms (62/150) → |