← Psalms (60/150) → |
1. | အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ |
2. | မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။ |
3. | ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။ |
4. | ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။ |
5. | ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။ |
6. | သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။ |
7. | ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။ |
8. | မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ |
9. | အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။ |
10. | အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ |
11. | ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။ |
12. | ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။ |
← Psalms (60/150) → |