← Psalms (51/150) → |
1. | အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။ |
2. | ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ |
3. | အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။ |
4. | ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။ |
5. | အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏။ |
6. | ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။ |
7. | အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ။ |
8. | စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည်။ |
9. | အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ၍၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ။ |
10. | အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။ |
11. | အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့်။ |
12. | ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော။ |
13. | အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည်။ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။ |
14. | အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော် မူသောဘုရား၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။ |
15. | အိုထာဝရဘုရား၊ အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော် မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။ |
16. | ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ |
17. | ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ။ |
18. | စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ။ ယေရုရှလင်မြို့ရိုးကို တည်စေတော် မူပါ။ |
19. | ထိုအခါတရားသဖြင့် ပူဇော်သောယဇ်၊ မီးရှို့ သောယဇ်၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော် မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလား တို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်။ |
← Psalms (51/150) → |