← Psalms (41/150) → |
1. | ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။ |
2. | ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။ |
3. | သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။ |
4. | ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို၏။ |
5. | ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။ |
6. | ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ်၏။ |
7. | ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု၍၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။ |
8. | သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ၏။ |
9. | အကယ်စင်စစ်ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။ |
10. | အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။ |
11. | အကျွန်ုပ်၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ၏။ |
12. | ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့။ |
13. | ဣသရေလအမျိုး၏ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။ |
← Psalms (41/150) → |