← Psalms (37/150) → |
1. | လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ |
2. | အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ |
3. | ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။ |
4. | ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သူတို့ပြု လျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည်။ |
5. | ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင်စီရင်တော် မူမည်။ |
6. | သင်၏ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့၎င်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့၎င်း၊ ဘော်ပြတော်မူမည်။ |
7. | ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။ |
8. | အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ် လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။ |
9. | ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။ |
10. | ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။ |
11. | စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။ |
12. | မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။ |
13. | သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။ |
14. | မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက်၊ လေးကို တင်လျက် နေတတ်ကြ၏။ |
15. | သို့သော်လည်း၊ သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။ |
16. | ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။ |
17. | အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံး သည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရ ဘုရားမစတော်မူ၏။ |
18. | ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ၍၊ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။ |
19. | သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။ |
20. | မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာအရပ်၏အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ |
21. | မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသော စိတ်ရှိ၍ ပေးတတ်၏။ |
22. | ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။ |
23. | ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ |
24. | ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။ |
25. | ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။ |
26. | သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့်၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ၏။ |
27. | ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။ |
28. | ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။မတရားသောသူ၏ သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ |
29. | ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။ |
30. | ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။ |
31. | ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။ |
32. | မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။ |
33. | သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ်။ |
34. | ထာဝရဘုရားကို မြော်လင့်၍၊ လမ်းတော်ကို ရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။ |
35. | မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း၊ |
36. | နောက်တဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက် ၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။ |
37. | စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသော သူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ |
38. | ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ |
39. | ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ |
40. | ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။ |
← Psalms (37/150) → |