← Psalms (35/150) → |
1. | အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။ |
2. | ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ။ |
3. | အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။ |
4. | အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ |
5. | ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော။ |
6. | သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ထာဝရ ဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။ |
7. | အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။ |
8. | ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။ |
9. | သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည်။ |
10. | အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည်။ |
11. | မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။ |
12. | ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။ |
13. | ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ၏။ |
14. | သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ၏။ |
15. | ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ၏။ |
16. | ပွဲ၌ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။ |
17. | အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ၎င်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ကယ်လွှတ်တော်မူပါ။ |
18. | ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။ |
19. | မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့်။ |
20. | အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။ |
21. | အကျွန်ုပ်ကိုပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။ |
22. | အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ |
23. | အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။ |
24. | အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။ |
25. | အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။ |
26. | အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။ |
27. | အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေ သော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော။ |
28. | အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။ |
← Psalms (35/150) → |