← Psalms (147/150) → |
1. | ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။ |
2. | ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။ |
3. | စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။ |
4. | ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။ |
5. | ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဉာဏ်တော်သည်အနန္တဖြစ်၏။ |
6. | ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။ |
7. | ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။ |
8. | ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။ |
9. | မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။ |
10. | မြင်း၏ခွန်အားနှင့်လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။ |
11. | ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ၏။ |
12. | အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။ |
13. | အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။ |
14. | သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။ |
15. | မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။ |
16. | မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။ |
17. | မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။ |
18. | တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။ |
19. | နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။ |
20. | အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။ |
← Psalms (147/150) → |