← Psalms (115/150) → |
1. | အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။ |
2. | သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။ |
3. | ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။ |
4. | သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။ |
5. | ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ |
6. | နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။ |
7. | လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။ |
8. | လုပ်သောသူတို့လည်း အတူတူပါတကား။ |
9. | အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။ |
10. | အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ |
11. | ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။ |
12. | ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။ |
13. | ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။ |
14. | ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။ |
15. | သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။ |
16. | ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။ |
17. | သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။ |
18. | ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။ |
← Psalms (115/150) → |