← Psalms (104/150) → |
1. | အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ၏။ |
2. | အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊ |
3. | နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည် တော်မူထသော၊ မိုဃ်းတိမ်ရထားကို စီး၍၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊ |
4. | မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော၊ |
5. | မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။ |
6. | ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ၏။ |
7. | တဖန် ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွား ကြပါ၏။ |
8. | တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်း လျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ၏။ |
9. | ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။ |
10. | ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊ |
11. | မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။ |
12. | ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။ |
13. | အထက်ခန်းတော်ထဲက တောင်များကို ရေပေး တော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။ |
14. | တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။ |
15. | စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။ |
16. | ထာဝရဘုရား၏သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ |
17. | ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျ တတ်ကြ၏။ |
18. | မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။ |
19. | ချိန်းချက်သောအချိန်ဘို့၊ လကို ဖန်းဆင်းတော် မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။ |
20. | ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဉ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ၏။ |
21. | ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။ |
22. | တဖန်နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။ |
23. | လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ၏။ |
24. | အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။ |
25. | မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး၏။ |
26. | ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ၏။ |
27. | ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ၏။ |
28. | ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသော အားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြ ပါ၏။ |
29. | မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ |
30. | တဖန်ဝိညာဉ်တော်ကို လွှတ်၍၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ၏။ |
31. | ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။ |
32. | မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။ |
33. | ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည်။ |
34. | ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။ |
35. | ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။ |
← Psalms (104/150) → |