← Proverbs (9/31) → |
1. | ဉာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။ |
2. | သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။ |
3. | ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊ |
4. | ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊ |
5. | လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။ |
6. | မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။ |
7. | မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။ |
8. | မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။ |
9. | ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။ |
10. | ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဉာဏ်ဖြစ်၏။ |
11. | အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။ |
12. | သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။ |
13. | မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။ |
14. | မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊ |
15. | လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊ |
16. | ဉာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊ |
17. | ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။ |
18. | ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ |
← Proverbs (9/31) → |