← Proverbs (8/31) → |
1. | ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ |
2. | မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။ |
3. | ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊ |
4. | အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။ |
5. | ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဉာဏ်ရှိကြ လော့။ |
6. | နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ |
7. | ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။ |
8. | ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။ |
9. | နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။ |
10. | ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။ |
11. | အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ |
12. | ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။ |
13. | ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။ |
14. | အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။ |
15. | ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။ |
16. | ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။ |
17. | ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ |
18. | ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ |
19. | ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။ |
20. | ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊ |
21. | ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။ |
22. | ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။ |
23. | မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ |
24. | နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။ |
25. | တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊ |
26. | မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။ |
27. | မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊ |
28. | အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ |
29. | သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊ |
30. | ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊ |
31. | ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။ |
32. | သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ |
33. | ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ |
34. | ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။ |
35. | ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ |
36. | ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။ |
← Proverbs (8/31) → |