← Proverbs (7/31) → |
1. | ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။ |
2. | ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။ |
3. | သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။ |
4. | ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဉာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။ |
5. | သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။ |
6. | ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊ |
7. | ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတယောက်သည်၊ |
8. | ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊ |
9. | မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။ |
10. | ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။ |
11. | ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။ |
12. | ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။ |
13. | ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊ |
14. | ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။ |
15. | ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။ |
16. | ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။ |
17. | ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။ |
18. | လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။ |
19. | ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။ |
20. | ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊ |
21. | ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊ |
22. | နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊ |
23. | ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။ |
24. | သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ |
25. | ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။ |
26. | အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။ |
27. | သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ |
← Proverbs (7/31) → |