← Proverbs (4/31) → |
1. | ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဉာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။ |
2. | ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။ |
3. | ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။ |
4. | ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။ |
5. | ပညာကိုဆည်းဖူးလော့။ ဉာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ |
6. | ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။ |
7. | ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းဖူးလော့။ |
8. | သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။ |
9. | သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။ |
10. | ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ |
11. | ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။ |
12. | ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ |
13. | ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။ |
14. | အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။ |
15. | သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ |
16. | သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။ |
17. | ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ |
18. | ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။ |
19. | မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။ |
20. | ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။ |
21. | သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ |
22. | အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။ |
23. | နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။ |
24. | ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။ |
25. | သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။ |
26. | သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ |
27. | လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။ |
← Proverbs (4/31) → |