← Proverbs (24/31) → |
1. | မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။ |
2. | သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။ |
3. | ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။ |
4. | ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။ |
5. | ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။ |
6. | ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။ |
7. | ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။ |
8. | မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ |
9. | မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။ |
10. | သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။ |
11. | သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊ |
12. | ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။ |
13. | ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။ |
14. | ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။ |
15. | အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။ |
16. | ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။ |
17. | သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ |
18. | ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။ |
19. | မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။ |
20. | အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။ |
21. | ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။ |
22. | သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။ |
23. | ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။ |
24. | သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။ |
25. | ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။ |
26. | မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။ |
27. | ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။ |
28. | သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။ |
29. | သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။ |
30. | ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဉာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊ |
31. | ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ |
32. | ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။ |
33. | ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊ |
34. | ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။ |
← Proverbs (24/31) → |