← Proverbs (23/31) → |
1. | မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။ |
2. | သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။ |
3. | ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။ |
4. | ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ |
5. | ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။ |
6. | မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။ |
7. | သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ |
8. | သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။ |
9. | မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။ |
10. | အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။ |
11. | အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။ |
12. | ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။ |
13. | သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။ |
14. | ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ |
15. | ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။ |
16. | သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ |
17. | အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။ |
18. | အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။ |
19. | ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ |
20. | စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။ |
21. | သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။ |
22. | သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။ |
23. | သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဉာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။ |
24. | ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ |
25. | သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။ |
26. | ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။ |
27. | ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။ |
28. | သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။ |
29. | အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊ |
30. | စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ |
31. | ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။ |
32. | နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။ |
33. | သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။ |
34. | အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။ |
35. | သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။ |
← Proverbs (23/31) → |