← Proverbs (21/31) → |
1. | ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။ |
2. | လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။ |
3. | ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။ |
4. | ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။ |
5. | လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။ |
6. | မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။ |
7. | မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။ |
8. | လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ၏။ |
9. | ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။ |
10. | မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။ |
11. | မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဉာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။ |
12. | တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။ |
13. | ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။ |
14. | တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။ |
15. | ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ |
16. | ဉာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။ |
17. | ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။ |
18. | မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။ |
19. | စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။ |
20. | ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။ |
21. | ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။ |
22. | ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။ |
23. | မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။ |
24. | ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။ |
25. | ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။ |
26. | တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။ |
27. | မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။ |
28. | မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။ |
29. | မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။ |
30. | ထာဝရဘုရားတဘက်၌ ဉာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။ |
31. | စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ |
← Proverbs (21/31) → |