← Proverbs (20/31) → |
1. | စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။ |
2. | ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။ |
3. | ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။ |
4. | ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။ |
5. | လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ |
6. | လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။ |
7. | ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။ |
8. | တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။ |
9. | ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။ |
10. | အလေးချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ |
11. | သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။ |
12. | ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။ |
13. | ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။ |
14. | ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီမှ ဝါကြွားတတ်၏။ |
15. | ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။ |
16. | မကျွမ်းသောသူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ။ |
17. | လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။ |
18. | အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။ |
19. | လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်။ |
20. | အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။ |
21. | အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော် လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ |
22. | ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။ |
23. | အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ၏။ |
24. | လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။ |
25. | ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။ |
26. | ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။ |
27. | လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။ |
28. | ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။ |
29. | လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ်၏။ |
30. | အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။ |
← Proverbs (20/31) → |