← Proverbs (16/31) → |
1. | စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။ |
2. | လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။ |
3. | ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။ |
4. | ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။ |
5. | မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ |
6. | ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ |
7. | လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။ |
8. | ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။ |
9. | လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ |
10. | ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။ |
11. | မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။ |
12. | ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ |
13. | ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။ |
14. | ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။ |
15. | ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။ |
16. | ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ |
17. | ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။ |
18. | မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။ |
19. | စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။ |
20. | ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ |
21. | လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။ |
22. | ဉာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။ |
23. | ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။ |
24. | သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။ |
25. | လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။ |
26. | အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။ |
27. | အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။ |
28. | သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။ |
29. | ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။ |
30. | ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။ |
31. | ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။ |
32. | စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။ |
33. | စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။ |
← Proverbs (16/31) → |