← Proverbs (15/31) → |
1. | ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ |
2. | ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ |
3. | ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။ |
4. | ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။ |
5. | မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ |
6. | ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။ |
7. | ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။ |
8. | မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။ |
9. | မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ |
10. | လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။ |
11. | မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ |
12. | မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။ |
13. | ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။ |
14. | ဉာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။ |
15. | ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။ |
16. | နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။ |
17. | ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။ |
18. | မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။ |
19. | ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။ |
20. | ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။ |
21. | ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။ |
22. | တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။ |
23. | လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။ |
24. | ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ |
25. | မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။ |
26. | မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။ |
27. | မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။ |
28. | ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။ |
29. | ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။ |
30. | မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။ |
31. | အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။ |
32. | ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဉာဏ်ကိုရတတ်၏။ |
33. | ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။ |
← Proverbs (15/31) → |