← Proverbs (11/31) → |
1. | မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။ |
2. | မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။ |
3. | ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ |
4. | အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။ |
5. | ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။ |
6. | ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ |
7. | ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။ |
8. | ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။ |
9. | အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။ |
10. | တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ |
11. | တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။ |
12. | ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။ |
13. | လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။ |
14. | အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။ |
15. | အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။ |
16. | နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။ |
17. | သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။ |
18. | မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။ |
19. | ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။ |
20. | သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။ |
21. | လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။ |
22. | သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။ |
23. | ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။ |
24. | စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။ |
25. | စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။ |
26. | စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။ |
27. | ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။ |
28. | မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။ |
29. | မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။ |
30. | ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။ |
31. | ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။ |
← Proverbs (11/31) → |