Proverbs (1/31) → |
1. | ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ |
2. | ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ |
3. | လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊ |
4. | ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊ |
5. | ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။ |
6. | ဉာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။ |
7. | ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ |
8. | ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ |
9. | ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။ |
10. | ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။ |
11. | သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။ |
12. | သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ |
13. | အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ |
14. | ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊ |
15. | ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ |
16. | အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ |
17. | အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။ |
18. | လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။ |
19. | မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။ |
20. | ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။ |
21. | လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊ |
22. | အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။ |
23. | ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။ |
24. | ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊ |
25. | ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊ |
26. | သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။ |
27. | သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊ |
28. | ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။ |
29. | အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။ |
30. | ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။ |
31. | ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။ |
32. | ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။ |
33. | ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။ |
Proverbs (1/31) → |