← Numbers (35/36) → |
1. | မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊ |
2. | သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။ |
3. | ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။ |
4. | လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။ |
5. | မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။ |
6. | လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။ |
7. | ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။ |
8. | ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။ |
9. | တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ |
10. | သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊ |
11. | လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။ |
12. | ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ |
13. | လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊ |
14. | ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။ |
15. | ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။ |
16. | သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
17. | လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။ |
18. | လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ |
19. | သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ |
20. | သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊ |
21. | သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။ |
22. | သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊ |
23. | သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊ |
24. | ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊ |
25. | သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။ |
26. | လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊ |
27. | သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။ |
28. | အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။ |
29. | ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။ |
30. | လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။ |
31. | အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။ |
32. | မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။ |
33. | ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။ |
34. | ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။ |
← Numbers (35/36) → |