← Micah (4/7) → |
1. | နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်။ |
2. | များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။ |
3. | ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။ |
4. | လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည်။ ကြောက်စေသော သူတယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော်ရှိ၏။ |
5. | လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။ |
6. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသော သူ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည်။ |
7. | ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။ |
8. | အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည်။ |
9. | ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တယောက် မျှ မရှိသလော။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား။ |
10. | အိုဇိအုန်သတို့သမီး၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရ မည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ် လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။ |
11. | ယခုမှာ လူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေဟု၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ၏။ |
12. | သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း၌ စုထားသကဲသို့၊ ထိုသူတို့ကို စုထားတော်မူ၏။ |
13. | အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။ |
← Micah (4/7) → |