← Matthew (9/28) → |
1. | ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။ |
2. | လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။ |
3. | ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။ |
4. | ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။ |
5. | အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ |
6. | လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ |
7. | ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။ |
8. | လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ |
9. | ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ |
10. | ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ |
11. | ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။ |
12. | ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ |
13. | ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။ |
14. | ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။ |
15. | ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ |
16. | အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။ |
17. | ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။ |
18. | ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက်၏။ |
19. | ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ၏။ |
20. | ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊ |
21. | ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။ |
22. | ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။ |
23. | အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊ |
24. | ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ |
25. | ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။ |
26. | ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။ |
27. | ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။ |
28. | အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။ |
29. | ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊ |
30. | သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။ |
31. | သို့သော်လည်း ထိုသူတို့သည် သွား၍ သိတင်းတော်ကို တပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။ |
32. | ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ |
33. | နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။ |
34. | ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။ |
35. | ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ |
36. | အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။ |
37. | ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ |
38. | ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ |
← Matthew (9/28) → |