← Matthew (7/28) → |
1. | သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ |
2. | သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ |
3. | ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။ |
4. | ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။ |
5. | လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။ |
6. | ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။ |
7. | တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ |
8. | တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ |
9. | သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊ |
10. | ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော။ |
11. | သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။ |
12. | သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။ |
13. | ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ |
14. | အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။ |
15. | အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။ |
16. | ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ် သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။ |
17. | ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ |
18. | ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ |
19. | ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ |
20. | သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။ |
21. | သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ |
22. | ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ |
23. | ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။ |
24. | အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ |
25. | မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။ |
26. | အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ |
27. | မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ၏။ |
28. | ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ |
29. | အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ |
← Matthew (7/28) → |