← Matthew (5/28) → |
1. | ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ |
2. | ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊ |
3. | စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။ |
4. | စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။ |
5. | စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။ |
6. | ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ |
7. | သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။ |
8. | စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။ |
9. | သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ |
10. | ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ |
11. | ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ |
12. | ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။ |
13. | သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ |
14. | သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။ |
15. | ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ |
16. | ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။ |
17. | ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ |
18. | ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။ |
19. | ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။ |
20. | ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။ |
21. | လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။ |
22. | ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ |
23. | ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။ |
24. | ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။ |
25. | တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။ |
26. | လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။ |
27. | သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ |
28. | ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ |
29. | ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ |
30. | ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။ |
31. | တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။ |
32. | ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။ |
33. | တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ |
34. | ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။ |
35. | မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှု ရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။ |
36. | ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။ |
37. | သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။ |
38. | သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ |
39. | ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။ |
40. | သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။ |
41. | အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။ |
42. | တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။ |
43. | ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ။ |
44. | ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။ |
45. | အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။ |
46. | သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော။ |
47. | အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော။ |
48. | ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။ |
← Matthew (5/28) → |