← Matthew (3/28) → |
1. | ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ |
2. | ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ဟောလေ၏။ |
3. | ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွ တော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။ |
4. | ယောဟန်သည် ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ |
5. | ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ |
6. | မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။ |
7. | ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း။ |
8. | နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ |
9. | အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ |
10. | သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။ |
11. | ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ |
12. | လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော၏။ |
13. | ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော် မူ၏။ |
14. | ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ |
15. | ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ |
16. | ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ |
17. | ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ |
← Matthew (3/28) → |